သနားဖို့ကောင်းလိုက်တာ ကျောက်မဲရယ်
ကျောက်မဲ၊ လားရှိုးနှင့် မိုးကုတ်တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပြည်သူ ၆ ဦးသေဆုံးပြီး နေအိမ် ၄ လုံး မီးလောင် ပျက်စီး
ရန်ကုန်၊ ဇူလိုင် ၁၈
ရှမ်းပြည်နယ် ကျောက်မဲမြို့၊ လားရှိုးမြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း TNLA နှင့်ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်သော လက် နက်ကြီး ၁ လုံး အရပ်သား နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ရပ်ကွက် ၈ တွင်လည်း ကားဝပ်ရှော့ဆိုင်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်မှု ဖြစ်ပွားကာ ကား ၃ စီး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ လားရှိုးမြို့ ရပ်ကွက် ၁ တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ ဦး လက်နက်ကြီး ကျည်စ ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
လားရှိုးမြို့တွင် အရှေ့ပိုင်းနှင့် တောင်ဘက်ပိုင်းသို့ စစ်တပ်က လက်နက်များနှင့်ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် လားရှိုးမြို့ အရှေ့ပိုင်း၌ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သံများ ကြားရပြီး ညနေ ၆ နာရီ ၄၇ မိနစ်အချိန်တွင်မူ တောင်ဘက်ပိုင်းကို ပစ်ခတ်နေသံများကြားရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
" တောင်ပိုင်းနမ့်ကျန်၊ ကုန်းမုံဘက်ကိုပြန်ပစ်နေတယ်။ အဲဒီဘက်မှာ ကိုးကန့်နဲ့ ပလောင် တပ်ဖွဲ့တွေ နေရာယူထားတယ်လို့ ကြားရတယ်။ မယ်ဟန်နဲ့ တစ်ဆက်တည်း ရွာတွေပါ။ ညောင်လေးပင်နဲ့ ကုန်းမုံ၊ နမ့်ကျန် အဲဒီရွာတွေအားလုံးညီနောင်တွေစိုး မိုးထားတယ်လို့သိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထို့ပြင် မိုးကုတ်မြို့ အရှေ့ပိုင်း ညောင်လေးပင်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် နေအိမ်ပေါ်ကို ကျရောက်မှုကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိပြီး ချမ်းမြေ့သာယာရပ်ကွက်နှင့် ရေပူတွင်လည်း လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ၄ ရက် အပစ်ရပ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း ၊ လက်နက်ကြီး များဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပစ်ရပ် ၃ ရက်တာ အတွင်းတွင် အရပ်သား ပြည်သူ ၉ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။